မုံရွာ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးသူငယ်တိုင်း မိမိတို့၏ အခွင့်အရေးများအား သိရှိနားလည်စေခြင်းသည် လူ့ဘောင်ဖွံ့ဖြိုးမှုအတွက် အမှန်တကယ်လိုအပ်ပြီး နောင်တချိန်တွင် လူ့ဘောင်အသိုင်းအဝိုင်း၏ အရေးကြီးသည့် အခန်းကဏ္ဍတွင် အရည်အသွေးပြည့်ဝသော ဦးဆောင်သူများ ဖြစ်လာစေရန်အတွက် အသိပညာ ပေးဆွေးနွေးပွဲများအား ကျင်းပလျက်ရှိပါကြောင်း၊ ကလေးသူငယ်တိုင်း အနှိပ်စက်ခံရမှု၊ အကြမ်းဖတ်ခံရမှု၊ အလွဲသုံးစားပြုခြင်းခံရမှု၊ လူကုန်ကူးခြင်းခံရမှုစသည့် အန္တရာယ်များအား သတိပြုကာကွယ်နိုင်ရန်၊ ပညာရေးနှင့် အကျင့်စာရိတ္တဖွံ့ဖြိုးမှုအတွက် အခြေခံတည်ဆောက်နိုင်ရေး အခြေခံလမ်းကြောင်း ဖော်ဆောင်ပေးနိုင်ရန်၊ မိမိအခွင့်အရေးနှင့် တာဝန်တို့အား သိရှိနားလည်စေရန်နှင့် လေးစားမှုရှိစေရန်၊ အခြားသူများ၏ အခွင့်အရေးအား ထိခိုက်စေမည့် အပြုအမူများမှ ရှောင်ရှားနိုင်စေရန်၊ ကလေးများသည်မိမိဘဝအား ထိခိုက်စေသည့် အန္တရာယ်များမှ ရှောင်ထိမ်းရန်နှင့် အသက်ရှင်နိုင်ရေးအခွင့်အရေးအား မိမိကိုယ်တိုင် အသိပညာရှိရန်တို့အတွက်ရည်ရွယ်ပြီး သိရှိရမည့်အသိပညာရပ်များအား နားလည်သဘောပေါက်အောင် အခန်းကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လိူင်မိုးမြတ်က ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးလိူင်က သဘာဝဘေးနှင့်ပတ်သက်၍ ကာကွယ်နိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၈)မူးယစ်တပ်ဖွဲ့စုမုံရွာမှ ရဲမှူးကြီးမြင့်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှု တားဆီးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်မြတ်သူက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)မှ ရဲမှူးမိုးကျော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက “ဖွံ့ဖြိုးမှုဒိုင်ယာရီ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)