မုံရွာ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အဆိုပါကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မုံရွာမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်လေးနွယ်က အမှာစကားပြောကြားရာတွင် မိမိတို့၏ကျောင်းတော်ကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဘက်စုံပညာထူးချွန် တိုးတက်ရေး အတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၏ ဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များနှင့်ထားရှိရမည့် စိတ်ဓာတ်တို့ကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူတို့၏ ခံယူရမည့် သဘောထားများ၊ မိဘများ၏ ဝိုင်းဝန်း ကူညီပံ့ပိုးပေးရမည်တို့ကိုလည်းကောင်း၊ ပညာရေးစုံညီပွဲတော်၏ အဓိပ္ပာယ်နှင့်အနှစ်သာရတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင် ဦးမြင့်အောင်ကျော်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အတန်းလိုက်ဆုရ ကျောင်းသား/ ကျောင်းသူများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် မိဘများနင့်အတူ ကျောင်းသား/ ကျောင်းသူများ၏ တေးသီချင်းအကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)