ပုသိမ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ‌ယနေ့နံနက်ပိုင်းက ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်၍ ဈေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်စိုး ဦးဆောင်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိ ဝန်ထမ်းများမှ ဈေးများအတွင်း မီးသုံးစွဲသည့်ဆိုင်ခန်းများ မီးစနစ်တကျ သုံးစွဲစေရေး၊ မီးသတ်ပစ္စည်း ကိရိယာများထားရှိမှု၊ လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းထားရှိမှုနှင့် မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ အသင့်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)