အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံပေးရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

အမာ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးတွင် Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှ မရရှိသေးသော ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းက ဆွေးနွေး တင်ပြခဲ့ပါသည်။

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းက ဆေးထိုးနှံမည့် စုရပ်များနှင့် နေ့ရက်များကို သတ်မှတ်ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်စာရေးများ၊ ရပ်ကျေးစာ ရေးများနှင့်အတူ ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အမာ(ပြန်/ဆက်)