ဟင်္သာတမြို့နယ်၊ အလယ်စုကျေးရွာ အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်

ဟင်္သာတ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အလယ်စုကျေးရွာ အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းနေရွယ်ကလေးသူငယ်များ ဗဟုသုတများရရှိလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုပါ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီကကျင်းပခဲ့ပါသည်။

စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်အသိပညာပေးဟောပြောပွဲတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာ က ကျောင်းသား လူငယ်များ အ‌‌နေဖြင့်စာအုပ်၊ စာပေများ ဖတ်ရှုလာစေရန် ရည်ရွယ်၍ "လူမျိုးမြှင့်ဖို့ စာဖတ်စို့" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူများ သိရှိလိုက်နာသင့်သည့် အချက်များနှင့် "စာသုံးသူကာကွယ်ရေးအကြောင်း" သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးစန္ဒာဝင်းက "အားကစားသိပ္ပံကျောင်း" အကြောင်းကို  ဟောပြောခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/ သူများအတွက် ‌အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးများ အကြောင်းအသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ခရိုင်/ပြန်ဆက် (ဟင်္သာတ)