တာလေ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အတွင်းရှိ ကျေးရွာအချို့တွင် covid-19 ရောဂါကူးစက်လာခြင်းများ မဖြစ်ပေါ်စေရေးအတွက် မိမိကျေးရွာအတွင်း ကျေးရွာ တာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ကျေးရွာ အဝင်/အထွက် ကန့်သတ်မှုများကို ယမန်နေ့က စတင်၍ ပြည်သူများကိုယ်တိုင် တင်းကြပ်စွာ ပြုလုပ်ဆောင်ရွက်လာကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူအဝင်အထွက် စစ်ဆေးခြင်း၊ ကန့်သတ်ခြင်းများနှင့် ရွာတွင်းသို့ ပြင်ပမှ လူစိမ်းဝင်ရောက်ခြင်းမပြုရန် Lock down ပြုလုပ်၍. Home Quarantine လုပ်ငန်း ဆောင်ရွက်ရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ များရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး သတင်းပို့ကြရန်၊ လတ်တလော ကာလတွင် တာလေမြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် တာချီလိတ်မြို့နယ်တွင် Covid-19 ရောဂါ positive တွေ့ရှိ မှုမှာ နေ့စဉ်မြင့်တက်နေခြင်းကြောင့် ကျေးရွာအတွင်း. covid-19 ရောဂါ ကူးစက်လာခြင်းများ မဖြစ်ပေါ်စေရေးအတွက် မိမိကိုယ်တိုင်၊ မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်တွင် ခရီးသွားရာဇဝင်ရှိပြီး ကိုယ်အပူချိန် မြင့်တက်နေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းများ ရှိလာပါက အနီးဆုံး ကျန်းမာရေး ဌာနသို့ အချိန်နှင့်တပြေးညီ သွားရောက်သတင်းပို့ခြင်းနှင့် ကျန်းမာရေး စစ်ဆေးခံခြင်းများကို ပြည်သူများကိုယ်တိုင် တင်းကြပ်စွာ ပြုလုပ်ဆောင်ရွက်နေလျက်ရှိသည်။
ယခုအချိန်တွင် တာချီလိတ်မြို့၌ covid-19 ရောဂါ positive တွေ့ရှိမှုမှာ နေ့စဉ်မြင့်တက် နေလျက်ရှိရာ တာလေမြို့တွင် covid-19 ရောဂါ ကူးစက်လာခြင်း မဖြစ်ပေါ်စေရေးအတွက် ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများနည်းတူ ဒေသခံပြည်သူများတွင်လည်း တာဝန်ရှိကြောင်းနှင့် ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုဖြင့် မိမိကျေးရွာ အတွင်း ရောဂါသံသယလူနာ ရှိလာပါက Home Quarantine ထားရှိပြီး အသွားအလာ ကန့်သတ် နေရာ( Facility Quarantine)လည်း ပြင်ဆင်ဆောင်ရွက် နေလျက်ရှိကြောင်းနှင့် ပြင်ပမှ လူအဝင် အထွက် ကန့်သတ်မှုများကို ပြည်သူများကိုယ်တိုင် တင်းကြပ်စွာ ပြုလုပ်လာကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)