ဟုမ္မလင်း ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီးလုပ်ကိုင်ကြရာ ယခုနှစ်နွေရာသီစိုက်ပျိုးသော၊ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် စိုက်နည်းစနစ်မှန်ကန်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျအချိန်ကိုက်သုံးစွဲရေး ပညာပေးခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာများ နည်းပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်စုစုထွေးက ပြောကြားသည်။
ဟုမ္မလင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ နွေစပါးစိုက်ပျိုးရန် (၁၁၀၀၀)ဧက လျာထားကြောင်း၊ ယနေ့အထိ၊ စိုက်ပျိုးပြီးစီးမှု (၆၅၂၈)ဧက ရှိနေပြီဖြစ်ကြောင်း၊ လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ထိုင်းနှံကောက်၊ GW-11 စသော အထွက်ကောင်းမျိုးစပါးများနှင့်၊ ဒေသစပါးမျိုးများဖြစ်သည့် မုယင်းနီ၊ မော်တိုက်၊ နောင်ဆွန်၊ ပချီးဝါစပါးမျိုးများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လင်းလင်း(ပြန်/ဆက်)