ကံမမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

ကံမ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်အဖြစ်  ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအနက် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးများအား ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်း စုရပ်အသီးသီး၌ ကလေးငယ်များအား ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)