တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ၌ အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

ပဲခူး ဇန်နဝါရီ  ၂၁ 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အပတ်စဉ်အင်္ဂါနေ့တိုင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ၌ အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း၌ သင်တန်းသူများနှင့် ဆရာမများအတွက် အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းတက်ရောက်နေသူများအတွက် စားသောက်ရေးအခက်အခဲမရှိစေရန် လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အင်္ဂါနေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများ၊ ဗုဒ္ဓဟူးနေ့တွင် ရှင်စောပုဝန်ထမ်းအိမ်ရာနှင့် ဘုရင့်နောင်ဝန်ထမ်းအိမ်ရာ၊ သောကြာနေ့တွင် အငြိမ်းစားဥဿာဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ်တိုင်း အခြေခံစားသုံးကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)