ပွင့်ဖြူမြို့နယ်၌ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်းပြီး မြို့မစည်ပင်သာယာဈေးရှိ ဈေးသူဈေးသားများကို ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးတာဝန်ခံဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များပူးပေါင်း၍ ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ဈေးရောင်းဈေးဝယ်ရာတွင် မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရန်အတွက် ပလတ်စတစ်သုံးစွဲမှုများလျှော့ချနိုင်ရေး မိမိတို့နေအိမ်မှ လက်ဆွဲခြင်းများနှင့် ထည့်စရာပစ္စည်းများ တစ်ပါတည်း ယူဆောင်လာရန် အသိပညာပေးဆွေးနွေးပြောကြားပြီး ပလတ်စတစ်သုံးစွဲမှုဆိုင်ရာ ဆိုးကျိုးများအကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မြို့ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်စေသည့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အပတ်စဉ် တနင်္လာနေ့တိုင်း မြို့မစည်ပင်သာယာဈေးအပါအဝင် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေး (၄)ခုတို့တွင် ဈေးရောင်းဈေးဝယ်ပြည်သူများ သိရှိလိုက်နာရန် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။  

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)