ကံမ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစား ဝန်ထမ်းများ၏ နိုဝင်ဘာလအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် (၆) နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါတို့အား အခမဲ့စစ်ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင် မြို့ပြ ပင်စင် (၆၁၈) ဦး၊ ကာကွယ်ရေး ပင်စင် (၁၅၁) ဦး၊ နိုင်ငံရေး ပင်စင် (၇၂) ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင် (၈) ဦး၊ စုစုပေါင်း ပင်စင်စား အငြိမ်းစားဝန်ထမ်း (၈၄၉) ဦးရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)