ကံမမြို့နယ်မှ တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

ကံမ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီက ပဇင်းနိမ့်ကျေးရွာအုပ်စုမှ တောင်သူ (၁၆၃) ဦးတို့၏ စိုက်ဧက (၅၂၈) ဧကအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။

ထိုသို့ ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်း (၅,၅၀၀) သိန်း ထုတ်ချေးပေးရန်လျာထားပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ် အစရှိသည့် စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်း ယနေ့အထိ ကျေးရွာအုပ်စု (၁၅) အုပ်စုမှ တောင်သူ (၁၃၀၄) ဦး၏ စိုက်ဧက (၄၉၆၁) ဧကအတွက် ငွေကျပ် (၄၉၆၁) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)