ချောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ယမန်နေ့ နံနက် ၈ နာရီအချိန်က ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံများသို့ သွားရောက်၍ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ပဲများ စျေးနှိမ်ဝယ်ယူခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်း ပဲမျိုးစုံရောင်းဝယ်နေသော ပွဲရုံများ၌ ပဲစင်းငုံနှင့်မြေပဲ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဝယ်လိုအားကောင်း၍ စျေးကွက်လည်းရှိကြောင်း၊ ဝယ်လက်များမှာ မိမိမြို့နယ်အတွင်း စိုက်ကွင်းများထဲထိဆင်း၍ ဝယ်ယူခြင်းများရှိသော်လည်း ပွဲရုံများသို့ တိုက်ရိုက်လာရောက် ရောင်းချသူများ ပိုမိုများပြားကြောင်း ပဲအမျိုးမျိုး ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံက သိရသည်။
ချောက်မြို့နယ်အတွင်း ပဲစင်းငုံနှင့်မြေပဲ အများဆုံး စိုက်ပျိုးထွက်ရှိပြီး လက်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ပဲစင်းငုံ ၂၀ ပိဿာလျှင် ငွေကျပ် ၉၀,၀၀၀ စျေးနှင့်မြေပဲ တစ်ပိဿာ ငွေကျပ် ၈,၇၀၀ စျေး ပေါက်နေကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)