ဘားအံ၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်

ဘားအံ ဇန်နဝါရီ ၂၀

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။

ပြည်နယ်အတွင်းကလေးအလုပ်သမားများ ပပျောက်စေရေးအတွက် မိသားစုတွင်းရှိ ကလေးသူငယ်များ၏ မိဘများ၊ ဆွေမျိုးသားချင်းများကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်ပိုင်လုပ်ကိုင်စားသောက်နေထိုင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသားများ၏ ဘဝရပ်တည်နေထိုင်ရေးအတွက် အကျိုးဖြစ်စေမည့် သင်တန်းဖြစ်ပြီး သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော သင်ခန်းစာများကို သေချာစွာ လေ့လာအသုံးချ၍ မိမိဘဝတိုးတက်အောင်မြင်နိုင်ရေးအတွက် စနစ်တကျ သင်ယူလေ့လာကာ အောင်မြင်သည့်ပန်းတိုင်ရောက်ရှိနိုင်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး မိမိမိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်ကြားပို့ချချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင်များ၊ သင်တန်းသားများက စုပေါင်းမှတ် တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်သင်တန်းနည်ပြများက အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း ဘာသာရပ်ကို ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)