ဘိုကလေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ဘိုကလေး ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက် (၈) နာရီ အချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပဆောင်ရွက်သည်။

စုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် မြိုနယ်တွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက ပညာရေးစုံညီပွဲများကျင်းပခြင်းသည် ပညာရေးတိုးတက်မြင့်မားရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်ရေးနှင့် ပညာရည်တိုးတက်မြင်မားအောင် မိဘ၊ ဆရာ၊ ကျောင်းသားများ သုံးနားညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်အောင်က ပညာရေးစုံညီပွဲတော်များ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်များတွင် ဘက်စုံထူးချွန်ထက်မြက်ကြသော မြို့နယ်တွင်းရှိ ကျောင်းသား/သူ (၁၇၆) ဦးအား တာဝန်ရှိသူများက ပညာရည်ချွန်ဆုများပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက ဖျော်ဖြေရေးကဏ္ဍများဖြင့် တင်ဆက်ခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)