ပြည်ကြီးမဏ္ဍိုင်မြို့၌ ပြောင်းဖူးနု (ဒေသအခေါ်) ပြောင်းဖူးဒူးများ ဈေးကောင်းရရှိ

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ပြောင်းဖူးများကို သုံးရာသီပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြရာ ပြောင်းဖူးနု (ဒေသအခေါ်) ပြောင်းဖူးဒူးများ ဈေးကောင်းရရှိကြောင်း သိရသည်။

ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဉယျာဉ်ခြံများတွင်လည်းကောင်း ဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြသည့်အပြင် ဒေသအခေါ် ရှမ်းပြောင်းနှင့် ကောက်ညှင်းပြောင်းကို သုံးရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးရာ တွင် စိုက်ပျိုးရေလုံလောက်ရေးအတွက် မိုးရေ၊ ချောင်းရေနှင့် မြေအောက်ရေတို့ကို ရာသီအလိုက် အသုံးပြုကြ ကြောင်း၊ ပြောင်းပင်များကို အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးအပင်များ ဝတ်ဆံတည်ချိန်တွင် ဝတ်ဆံများ ကြွေလွင့်ပျက်စီးမှု မရှိစေရန် အထူးဂရုစိုက်ပေးရကြောင်း၊ တစ်ပင်ကို ၅ ဖူးမှ ၆ ဖူးထိ ထွက်ရှိကြောင်း၊ အဖူးလှရန်အတွက် အောက်ဖက်ရှိ ပြောင်းဖူး ၂ ဖူး(သို့) ၃ဖူးထိ ချိုးပစ်ကြောင်း၊ ‌ချိုးပစ်သည့် ပြောင်းဖူးနု (ဒေသအခေါ်) ပြောင်းဖူးဒူး ၆ ဖူး တစ်စည်းလျှင် ၁၀၀၀ ကျပ် ရရှိကြောင်း ထွက်ရှိသည့် ပြောင်းဖူးနုများကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ အိမ်သို့ကိုယ်တိုင်လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း ပြောင်းစိုက်ပျိုးရေး လုပ်ကိုင်သော တောင်သူတစ်ဦးထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)