(၆၃) ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီး ကျင်းပရေး လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်သည့် အစည်းအဝေးပြုလုပ်

ဇလွန် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရှေးယခင်ဆရာတော်ကြီးများ၏ လမ်းညွှန်သြဝါဒအတိုင်း သာသနာတော်သုံးရပ် အရှည်တည်တံ့ခြင်း၏ ရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွား၍ တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ (၆၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီးကျင်းပရေး သြဝါဒစရိယ နာယကဆရာတော် ဘုရားကြီးများထံမှ သြဝါဒခံယူခြင်းနှင့် စာမေးပွဲကြီးကျင်းပရေး လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်သည့် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မဟာအတုလဝေယံသာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သြဝါဒစရိယ နာယကဆရာတော်ဘုရားကြီးထံမှ သြဝါဒကထာနာယူခဲ့သည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘုရားကြီးထံမှ သြဝါဒကထာနာယူပြီး ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီးကျင်းပရေး လုပ်ငန်းကော်မတီများအား တာဝန်ပေးအပ်၍ ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီးကျင်းပရေး လုပ်ငန်းကော်မတီများမှ လုပ်ငန်းဆိုင်ရာများနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲကြီးကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)