ပဲခူး ဇန်နဝါရီ ၂၀
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အသက်ကယ်ပြုစုခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုညွှန်းကိန်းကို တိုင်းတာရာတွင် မွေးကင်းစကလေး သေးဆုံးမှုနှုန်းနှင့် (၅) နှစ်အောက်ကလေး သေဆုံးမှုနှုန်းတို့သည့် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ (၅) နှစ်အောက် ကလေးငယ်များသည် ထိခိုက်လွယ်သည့် အုပ်စုများဖြစ်သည့်အတွက် မွေးကင်းစကလေး ကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်းအားဖြင့် လူမှုစီးပွားအညွှန်းကိန်းကို တိုးတက်လာစေရေုံသာမက မျှော်မှန်းလူ့သက်တမ်း တိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ ကမ္ဘာ့ပေါ်တွင် မွေးကင်းစကလေး ရေမွန်းသေဆုံးခြင်းဟာ မွေးကင်းစကလေးသေဆုံးစေတဲ့ အကြောင်းအရင်းများထဲမှ ဒုတိယအများဆုံးဖြစ်၍ ရေမွန်းသော မွေးကင်းစကလေးများအတွက် အသက်ရှုရန် အသက်ကယ်ပြုစုခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်အောင် အလေးထားဆောင်ရွက်နိုင်ရေး ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကာ သင်တန်းတက်ရောက်မည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် သင်တန်းကာလတစ်လျှောက်လုံး စိတ်ပါဝင်စားစွာလေ့လာကြပါ၊ ကျွမ်းကျင်စွာတတ်မြောက်အောင် လေ့ကျင့်သင်ကြားသွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရေမွန်းသောမွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်း သင်တန်းသို့တက်ရောက်မည့် အမျိုးသမီးကျန်းမာရေးဆရာမကြီးများ၊ သားဖွားဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ အသက်ကယ်ပြုစုခြင်းသင်တန်းအား ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) အတွက် ပဲခူးမြို့တွင် ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ သင်တန်းသူ (၆၆၂) ဦးအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) အတွက် ပြည်မြို့တွင် ဖေဖော်ဝါရီလတွင် သင်တန်းသူ (၆၄၂) ဦးအားလည်းကောင်း စုစုပေါင်း သင်တန်းသူ (၁၃၀၄) ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်း၌ မွေးဖွားပြီးခြင်း ကလေးအား သမရိုးကျပြုစုစောင့်ရှောက်ခြင်း၊ အသက်မရှု၊ မငိုသောကလေးအား အဖိုးတန်မိနစ်အတွင်းမှ အသက်ကယ်ပြုစုစောက်ရှောက်ခြင်း၊ လေအိပ်နှင့်မျက်နှာဖုံး စနစ်တကျအသုံးပြုပြီး အသက်ကယ်ပြုစုခြင်း၊ အဆင့်မြင့်ပြုစုစောက်ရှောက်မှု လိုအပ်သည့်ကလေးကို အချိန်မီဆုံးဖြတ်၍ လွှဲပြောင်းညွှန်းပို့နိုင်ရန်စီမံခြင်း စသည့်ဘာသာရပ်များကို စာတွေ့/ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)