ပေါင်းတည်မြို့၌ အသက် ၁ နှစ်မှ ၅ နှစ်အရွယ် ကလေးများကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ပေါင်းတည် ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာနခွဲနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ဆေးထိုးစုရပ်များ၌ ယနေ့နံနက်ပိုင်းမှစ၍ Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားဆောင်ရွက်မှုသည် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားသေဆုံးမှုလျော့ကျရန်ရည်ရွယ်၍ အသက် ၁ နှစ်မှ ၅ နှစ်အောက်ကလေးများတွင် ကာကွယ်ဆေးမရရှိသော က‌လေးများနှင့် ကာကွယ်ဆေးမပြည့်စုံသော ကလေးများ တစ်ဦးတစ်ယောက်မကျန်ရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို လှုပ်ရှားဆောင်ရွက်မှုတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေါက်တာသန်းသန်းချစ်နှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၁ နှစ်မှ ၅ နှစ်အောက် ကလေးများအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး(အစက်ချဆေး)၊ ပိုလီယိုကာကွယ်ဆေး(ထိုးဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ယနေ့တွင် ကလေး ၄၁ ဦးကို ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)