ရေတာရှည် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ၊ ကျောင်းသားများအား စာဖတ်ရှိန်မြင့်မားပြီး အသိပညာဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က တောင်နန်ချွန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်သော်ဇင်အောင်မှ ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချစေရန်၊ ဗဟု သုတတိုးပွားစေရန်အတွက် ပြင်ပစာပေများကိုဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းမှရရှိသည့်အကျိုးကျေးဇူးများကို ဦးစွာပထမ ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးကောင်းထက်နိုင်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာများ၊ မီးလောင်မှုဖြစ်ပေါ် လာလျှင်ဆောင်ရွက်သင့်သည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသူ၊ ကျောင်းသားများအား သက်ငယ်မုဒိမ်းမှုကာကွယ်ရေး၊ ကလေး အလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)