ကျိုက်လတ် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Big Catch-Up ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ပြီး ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ကျိုက်လတ်မြို့နယ်တွင် (ပထမအကြိမ်)ကို ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဦးလှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)