ကျိုက်လတ် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ဇန်နဝါရီလ ၁၉ ရက်၊ ညနေ (၅)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီ အားကစားပွဲတော်နှင့် ပဉ္စမအကြိမ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ Electronic Power (EP) မေဂျာအသင်းနှင့် Civil မေဂျာအသင်းတို့က နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ Electronic Power (EP) မေဂျာအသင်းက Civil မေဂျာအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ရွှေတံဆိပ်ဆုရ ကစားသမားများ၊ ငွေတံဆိပ်ဆုရ ကစားသမားများနှင့် အကောင်းဆုံးဆုရ ကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က Electronic Power (EP) မေဂျာ ဘောလုံးအသင်းအား ဒိုင်းဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့မိမြို့ဖများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးလှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)