တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းအား ကြည့်ရှုစ်ဆေး

ထားဝယ် ဇန်နဝါရီ  ၂၀

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ်တွင် ရေရှည်တည်တံ့ခိုင်မြဲ၍ နှစ်ပေါင်းများစွာ ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရေး ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ၆၆ ကေဗွီ ထားဝယ်ဓာတ်အားခွဲရုံတွင် ဆောင်ရွက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများက ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးထွဋ်ဦးက ထားဝယ်ခရိုင်အတွင်း တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက် ထားဝယ်ဓာတ်အားခွဲရုံတွင် ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ(၁)လုံး တိုးချဲ့ တပ်ဆင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရှင်းလင်းတင်ပြမှုအပါ်တွင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးတက်တည်ဆောက်လာပါက လက်ရှိအသုံးပြုလျက်ရှိသော ၆၆ ဓာတ်အားလိုင်းသည် အခက်အခဲရှိလာနိုင်ကြောင်း၊ ဝန်အားခံနိုင်သည့် ဓာတ်အားလိုင်း တည်ဆောက် နိုင်ရေးစီမံထားရှိရန် လိုအပ်ကြောင်း၊ ထားဝယ်ခရိုင်အတွင်း ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများတွင် ခရီးသွားလာဧည့်သည်များ ဝင်ရောက်မှုများပြားလာပါက လျှပ်စစ်သုံးစွဲမှု များပြားလာကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၆၆ ဓာတ်အားခွဲရုံတည်ဆောက်ရန် လျာထားကြောင်း၊ ဖောင်းတောဒေသမှ ရေအားလျှပ်စစ် ၃၀ မဂ္ဂဝပ် ဓာတ်အားဖြန့်ဖြူးနိုင်မည်ဆိုပါက ထားဝယ်ဒေသအတွက် အဆင်ပြေလာနိုင်ကြောင်း မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်/ ပို့လွှတ်/ ဖြန့်ဖြူးမှုအခြေအနေ၊ ထားဝယ်မြို့နယ်အတွင်း ဝန်အားသုံးစွဲမှုအခြေအနေ၊ ထားဝယ်ဓာတ်အားခွဲရုံတွင် တိုးချဲ့တပ်ဆင်မည့် ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ Layout Plan၊  ထရန်စဖော်မာတိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းတွင် အသုံးပြုမည့်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထားဝယ်ဓာတ်အားခွဲရုံတွင် ၆၆/၁၁ ကေဗွီ၊ ၁၅ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက မူလတပ်ဆင်အင်အား ၄၀ အမ်ဗွီအေ မှ ၅၅ အမ်ဗွီအေသို့ တိုးမြင့်ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး ထားဝယ်ခရိုင်၏ ဓာတ်အားလိုအပ်ချက်ကို ပြည့်ဝစွာဖြင့်  လက်ခံ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် Petro & Trans Co.,Ltd တို့ ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်း ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများအနက် ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အားပို့လွှတ်မှုအပိုင်းနှင့် ဓာတ်အားဖြန့်ဖြူးမှုအပိုင်း အသီးသီးတွင်ရှိသော စက်ရုံ/ ဓာတ်အားခွဲရုံများရှိ စက်ပစ္စည်းကိရိယာများ၊ ပို့လွှတ်ရေးဓာတ်အားလိုင်းများ၊ ဖြန့်ဖြူးရေးဓာတ်အားခွဲရုံငယ်များနှင့် ဓာတ် အား လိုင်းများအား ပြုပြင်ထိန်းသိမ်းခြင်းအတွက် အသစ်တည်ဆောက်၊ အဟောင်းမြှင့်တင်ဟူသော ဆောင်ပုဒ်နှင့်အညီ ထားဝယ်ခရိုင်အား နှစ်ပေါင်းများစွာ ဓာတ်အား စဉ်ဆက်မပြတ်ရရှိ စေရေး နှစ်စဉ်အလိုက် ဌာနမှလည်းကောင်း၊ ကုမ္ပဏီမှလည်းကောင်း၊ ဘတ်ဂျက် အသီးသီးလျာထားပြီး System Improvement လုပ်ငန်းများဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)