ဒေးဒရဲ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများတွင် ကာကွယ်ဆေးဖြင့် ကာကွယ်ရသောရောဂါ ဖြစ်ပွားသေဆုံးမှုအား လျော့ချရန်၊ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ရှိပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးများနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများ အကြိမ်ပြည့် မရရှိသေးသည့် ကလေးများအား ကာကွယ်ဆေးအကြိမ်ပြည့်ရရှိရေးရည်ရွယ်၍ အသက် (၁)နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Big Catch- Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း အစီအစဥ်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက ကာကွယ်ဆေးအား ဇန်နဝါရီ(၂၀)ရက်မှ (၂၆)ရက်နေ့အထိ (၁)ပတ်တာ ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုထိုးနှံမည့်ကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများနှင့် အကြိမ်ပြည့်မထိုးနှံရသေးသော အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား ထိုနှံသွားမည်ဖြစ်ပြီး ဒေးဒရဲမြို့နယ် အတွင်း၌ Big catch-up အမီလိုက်ကာကွယ်ဆေးထိုးနှံရမည့် ကလေးဦးရေ (၇၉၁)ဦးရှိပြီး ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်အမှေးရောင်ကာကွယ်ဆေး၊ ဝက်သက်- ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးများအား ထိုးနှံတိုက်ကျွေးသွားမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပြောကြားမှုများအပေါ် သိလိုသည်များကိုလည်း ဆွေးနွေးပွဲ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများကလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
အေဇာလင်း