ကန်ကြီးထောင့် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၅)နှစ်အောက်ရှိပြီး ကာကွယ်ဆေးလုံးဝ(သို့မဟုတ်) အကြိမ်ပြည့်မရသော ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများအား ယနေ့နံနက်(၉)နာရီခွဲ အချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကန်ကြီးထောင့်မြို့နယ်ရှိ ကျန်းမာရေးဆရာမများက မြို့နယ်အတွင်း ရပ်ကွက်များရှိ အသက်(၅)နှစ်အောက်ရှိပြီး ကာကွယ်ဆေးလုံးဝ(သို့မဟုတ်) အကြိမ်ပြည့်မရသော ကလေးငယ်များအား လိုအပ်သည့် စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် လိုအပ်သည့် ကာကွယ်ဆေးများအား စနစ်တကျထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာလွင်နှင့် အဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့ခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ကာကွယ်ဆေးများကို ကန်ကြီးထောင့်မြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ယနေ့မှစတင်၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုးစုရပ်အသီးသီးတို့တွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)