ဖြူး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများရရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာအခြေခံ ပညာမူလတန်းလွန်ကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူးဒေါ်အိမာဟိန်းက စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်သန္တာစိုးက ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားသောက်ရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများအကြောင်းကိုလည်းကောင်း၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ် ကလေးငယ်များအား ပုံပြင်ပြောအစီအစဉ်များ၊ သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများ ဖတ်ရှုစေခြင်း၊ အလယ်တန်း အဆင့်ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် စာအုပ်ပြပွဲများကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)