ပဲခူးမြို့ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (စတုတ္ထအကြိမ်)ဆေးပဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး သြဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ စတုတ္ထအကြိမ်မြောက် မဟာဆေးပဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ “နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရတနာပုံဘုရားကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသ အရှင်သူမြတ်က မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော် ရွတ်ဆိုပူဇော်ခဲ့သည်။ ထို့နောက် ရတနာသီရိန်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝိနယ အရှင်သူမြတ်မှ ပဋ္ဌာန်းဒေသနာတော် နာကြားပူဇော်ရန် သမ္မာဒေဝနတ်ဗြဟ္မာအပေါင်းတို့အား ပင့်ဖိတ်ခြင်းနှင့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် ကြတ်ခတ်ဝိုင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သြဝါဒစရိယဆရာတော်ကြီး(၃)ပါးတို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ရွှေဂူကျောင်းဆရာတော် ဘဒ္ဒန္တဥာဏိသရ အရှင်သူမြတ်က ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာနဘာဏက ဥယျောဇနဂါထာတော်ကို ဖတ်ကြားပူဇော်ခဲ့ပြီး ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို ()ကြိမ်ရွတ်ဆိုပူဇော်ခဲ့ကြကာ အလှည့်ကျပဋ္ဌာနဘာဏက ဆရာတော်က မဟာပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကို စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ စတုတ္ထအကြိမ်မြောက် မဟာဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကို ပဲခူးတိုင်းဒေသကြီးနှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ဘေးအန္တရာယ်ရန်အသွယ်သွယ်မှ မကပ်မရောက် ကင်းစင်လွင့်ပျောက်စေရန်နှင့် ဗုဒ္ဓသာသနာတော်၏ အဆီအနှစ်ဖြစ်သော (မဟာပဌာန်းအဘိဓမ္မာဒေသနာတော်ကြီး) နေရောင်လရောင်ပမာ ထွန်းလင်းတောက်ကောင်းကျိုးရောက်စေရန်ရည်သန်၍ ဇန်နဝါရီလ (၂၀)ရက်နေ့မှ ဇန်နဝါရီလ(၂၆)ရက်နေ့အထိ ()ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်()နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်များအား ဆေးပစ္စည်းများနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့အား လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)