ပွင့်ဖြူ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မြို့ပြနှင့် အညာကျေးလက်ဒေသများတွင် မိုးလေကင်းလွတ်ပြီး ကောက်ပဲသီးနှံများသိမ်းဆည်းပြီးချိန်ဖြစ်၍ ဒေသခံပြည်သူများက မိမိတို့၏ သားသမီးများကို ဗုဒ္ဓအမွေကို ခံယူစေသည့် ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများကို ဆင်/မြင်း၊ နွားလှည်းယာဉ်များဖြင့် တစ်ခမ်းတစ်နား စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှင်ပြုနားသအလှူမင်္ဂလာပွဲတော်များကို ဆင်ယင်ကျင်းပရာ၌ ရှင်လောင်းလှည့်သည့်အခါတွင် သားလှရတနာများဖြစ်သော မောင်ရှင်လောင်းများကို ရတနာဆင်များ၊ မြင်းများပေါ်တွင် ရှင်လောင်းဝတ်စုံ ချပ်ဝတ်တန်ဆာ စုံလင်စွာဝတ်ဆင်စေပြီး မောင်ရှင်လောင်းရံများ ခြံရံလျက် စီတန်းလှည့်လည်ကြကြောင်း၊ ထို့နည်းတူ သမီးအလှရတနာများဖြစ်သော နားထွင်းများကိုလည်း ရွှေလှည်းယာဉ်၊ ငွေလှည်းယာဉ်၊ ပတ္တမြားလှည်းယာဉ်တို့ဖြင့် အလှတန်ဆာဆင်၍ နားထွင်းအထိန်းတော်များ ခြံရံလျက် ရပ်ရွာအတွင်းရှိ ပျိုဖြူချောလုံမငယ်များ၊ ရာဇာဝင်း၊ ဒေဝါဝင်းစသဖြင့် မင်းခန်းမင်းနားဖြင့် ထည့်သွင်းတန်းစီ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးသည့် ရှင်လောင်းလှည့်ခြင်းဓလေ့ကို ရိုးရာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာများထဲတွင် ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများ ဆင်နွှဲကြရာတွင် ဒေသအလိုက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဆင်ယင်ကျင်းပကြပြီးတစ်ချို့က "ဆင်စီး၊ မြင်းရံ" ဆိုရိုးစကားအတိုင်း ရတနာဆင်များကို ငှားရမ်း၍ ရှင်လောင်းလှည့်လည်ခြင်း၊ တစ်ချို့က မော်တော်ကားများဖြင့် ရှင်လောင်းလှည့်လည်ခြင်းစသဖြင့် အမျိုးမျိုးဆင်ယင်ကျင်းပ ပြုလုပ်ကြသည်။
ထို့အပြင် ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲတွင် ဧည့်ခံဖျော်ဖြေရန် မြန်မာ့တူရိယာဆိုင်းဝိုင်းများ၊ အငြိမ့်မင်းသမီးများကို ငှားရမ်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြကြောင်း၊ အလှူတော်မင်္ဂလာပွဲသို့ လာရောက်ကြသော ရပ်ဝေးရပ်နီးမှ ဧည့်ပရိသတ်များကိုလည်း ထမင်း၊ ဟင်း၊ အချိုပွဲစသဖြင့် စားသောက်ဖွယ်ရာများဖြင့် စုံလင်စွာနဲ့ တည်ခင်းဧည့်ခံကျွေးမွေးကြကြောင်း၊ ယခုလို ပွင့်လင်းရာသီကာလ မိုးလေကင်းလွတ်သောလများတွင် ပွင့်ဖြူမြို့နယ်အတွင်း မြို့ပြနှင့် ကျေးလက်ဒေသများတွင် ရင်သွေးရတနာသားအလှ၊ သမီးအလှရတနာများကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးသည့် ရှင်ပြုနားသအလှူမင်္ဂလာပွဲ ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)