ဖြူး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိူ့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (အမျိုးသားကျောင်း)၏ (၂၅)ကြိမ်မြောက် ငွေရတုမြတ်ဆရာပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ အစီအစဥ်(၂)ရပ်ဖြင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက အဆိုပါ အ.ထ.က(၁)ကျောင်းရှိ ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေရတုမြတ်ဆရာပူဇော်ပွဲကျင်းပရာတွင် ပထမပိုင်းအစီအစဥ်အရ အ.ထ.က(၁)အမျိုးသားကျောင်းတွင် တာဝန်ယူထမ်းဆောင်ခဲ့ပြီးကွယ်လွန်ခဲ့သည့် ဆရာကြီး/ဆရာမကြီးများအားရည်စူး၍ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းနှင့်နဝကမ္မဝတ္ထုငွေများကို ပညာသင်ခံယူခဲ့ကြသည့် တပည့်အပေါင်းတို့က ဆက်ကပ်လှူဒါန်းရေစက်သွန်းချ အမျှတန်းပေးဝေခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဥ်အရ အ.ထ.က(၁)အမျိုးသားကျောင်းတွင် တာဝန်ယူထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများအား ပညာသင်ခံယူခဲ့ကြသည့် တပည့်အပေါင်းတို့က အဖွဲ့လိုက်ခွဲ၍ အိမ်တိုင်ရာရောက် လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)