ချောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.မ. က(၂) ဗဟိုကွက်သစ်ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.မ.က(၂)ဗဟိုကွက်သစ်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” ခေါင်းစဥ်ဖြင့် လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုနဲ့ လူမှောင်ခိုကူးမှုတို့၏ ကွာခြားချက်၊ပြစ်မှုကျူးလွန်ပုံ၊ ကျူးလွန်နည်း၊ ကျူးလွန်ခံရသူများ၏ နစ်နာမှုအတိမ်အနက်၊ ပြစ်ဒဏ်အနည်းအများဖြစ်ပွားနိုင်သည့် ဒေသအခြေအနေမတူညီမှုများ၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုကျူးလွန်မခံရအောင် ဘယ်လိုကာကွယ်မလဲ စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ် မြတ်မြတ်မိုးက “စားအုံးဆီ၏ဆိုးကျိုးများ”၊ “စားသုံးရန်မသင့်သောအစားအစားများ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက ကလေးသူငယ်များ၏ အခွင့်အရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာအကြောင်းကိုလည်ကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာနံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများ၏ မေးမြန်းချက်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ကျောင်းသား/သူလေးများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အ.မ.က (၂) ဗဟိုကွက်သစ်ကျောင်းအတွင်း ရရောင်းချသေမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေးစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)