မိုင်းပျဉ်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ တတိယအကြိမ်မြောက် ကိုဗစ်- ၁၉ ရောဂါ ပိုးရှိသူတစ်ဦးအား ယမန်နေ့ နေ့လည် ၁ နာရီခွဲကစစ်ဆေးတွေ့ရှိခဲ့ကြောင်းမြို့နယ် Coronavirus Disease 2019 ( Covid-2019) ကာကွယ်ထိန်းချုပ်၊ကုသရေး ကော်မတီမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးရှိသူမှာ ရန်ကုန်တိုင်းဒေသကြီးမှ မိုင်းပျဉ်းမြို့သို့ နိုဝင်ဘာ ၁၆ ရက်နေ့ကပြန်လာသူ ပညာရေးဝန်ထမ်း (၃) ဦးထဲမှ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပ မြို့နယ်မှ ပြန်လာသူ အသက် ၃၂ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး မိုင်းပျဉ်းမြို့နယ်စစ်ဆေးရေးဂိတ်မှ အမက (မိုင်းပျဉ်း)သို့ Community Based Facility Quarantine ထားရှိ၍ စောင့်ကြည့်ထားသူများ ဖြစ် ကြောင်း သိရသည်။
၎င်းတို့ (၃) ဦး၏ အာခေါင်တို့ပတ် နမူနာများကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရယူ၍ တောင်ကြီးမြို့သို့ ပေးပို့စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၂ ရက်နေ့ ဓါတ်ခွဲစစ်ဆေးချက်အဖြေအရ အသက်(၃၂) နှစ်အရွယ် အမျိုးသမီးတွင် Covid-19 Positive တွေ့ရှိခဲ့ကြောင်းသိရပြီး ကျန်(၂)ဦးတွင် Negative ဖြစ်ကြောင်း၊ ၎င်းတို့စီးနင်းလိုက်ပါလာသော ယာဉ်လိုင်းမှ ယာဉ်မောင်း၏ ကျန်းမာရေးစစ် ဆေးမှုအခြေအနေမှာ နိုဝင်ဘာ ၂၉ ရက်နေ့ မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် RDTESSMP-3435 ဖြင့်စစ်ဆေးခဲ့ရာ Covid-19 Negative ဖြစ်ကြောင်းနှင့် အဆိုပါယာဉ်မောင်းအား ကျိုင်းတုံမြို့တွင် Community Based Facility Quarantine ထားရှိ၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။
Covid-19 အတည်ပြုလူနာနှင့် အတူနေသူများမှာလက်ရှိ ကျန်းမာရေးကောင်းမွန် လျှက်ရှိကြောင်းနှင့် အတည်ပြုလူနာအား မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward တွင်သီးသန့်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ် Coronavirus Disease 2019 ( Covid-2019) ကာကွယ်ထိန်းချုပ်၊ကုသရေး ကော်မတီမှ သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်