ကော့သောင်း ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအခြေချအဖွဲ့ ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော့သောင်းမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “စုံညီပွဲတော်တူနွှဲပျော်” အဖွင့်သီချင်းဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားအား သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ခရိုင်လဝက ဦးစီးမှူးဦးကိုကိုနိုင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပညာရေးမှူး ဦကျော်ငွေက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်အဆင့် ထူးချွန်ဆုရ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့် စာပေ၊ ဉာဏ၊ ကာယ၊ အနုပညာ ကဏ္ဍအလိုက် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူလေးများအား တက်ရောက်လာကြသော တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက အကအလှ ပဒေသာ၊ တေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြဖျော်ဖြေ၍ မြို့နယ်ပညာရေးစုံညီပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)