ပေါင်းတည် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ခု နှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ ၁ ရက်နေ့တွင် စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း သဘာဝမြေဇာဖြင့် စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြသည်။
ယခုနှစ်တွင် ယခင်နှစ်ထက် တောင်သူများအနေဖြင့် နွေစပါးစောစီးစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်သီးနှံများထပ်မံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးရေများစောလျင်စွာပေးဝေခဲ့ကြပြီး တောင်သူများ၏ စိုက်စွမ်းအား၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ တောင်သူများအကျိုးစီးပွားတိုးတက်ရရှိနိုင်စေရေးနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ပေါင်းတည်မြို့နယ်အတွင်း၌ နွေစပါး ၂၆၀၁၀ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့မှသိရပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ဆည်ရေအသုံးပြုတောင်သူများအဖွဲ့နှင့်ပူးပေါင်း၍ စိုက်ပျိုးရေအလေအလွင့်နည်းပါးရေးအတွက် စနစ်တကျပေးဝေခြင်း၊ ရေလှည့်စနစ်ဖြင့်ပေးဝေခြင်းမျာ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဆည်ရေသောက်ဧရိယာအတွင်း ကုန်းမြင့်စိုက်ပျိုးမြေများတွင် ဆိုလာရေတင်စနစ်ဖြင့်လည်းကောင်း၊ အလိုအလျောက်ရေတင်စနစ်(Water Turbine pump) ဖြင့်လည်းကောင်း ရေပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက် )