ကျွန်းလှ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ ဘိုယားတမံရေဖြင့် နွေစပါး ဧက ၄၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
“ဒီနှစ် ဘိုယားတမံအောက်ဖက်ရှိ လယ်မြေဧက ၄၀ ကျော်ကို ရေသွယ်စနစ်နဲ့ နွေစပါးစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ နွေစပါးစိုက်မယ့် လယ်မြေတွေကို ထယ်ထိုး ထွန်ယက်ပြင်ဆင်ပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ မျိုးစေ့ချကိရိယာ (Seeder)၊ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်နည်းစနစ်တွေနဲ့ စိုက်ပျိုးပြီး စိုက်နည်းစနစ်မှန်ကန်ဖို့ နည်းပညာပေးသွားမည်ဖြစ်ပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ နွေစပါးစိုက်ပျိုးသော တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်စပါးမျိုးများရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေနှင့်၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရန် ၁၆၆ ဧကလျာထားကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး သက်တမ်းတို အရည်အသွေးကောင်း အထွက်နှုန်းကောင်း ရွှေမနော်စပါးမျိုးစိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ