ပုသိမ် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်သြဝါဒါစရိယ ဘဒ္ဒန္တပညာသာရ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ နဝဓုတင်္ဂါစာရ၊ ဓမ္မပ္ပမာဏိကာမဟာဋိကာဒိ အနေကဂန္ထကာရက၊ ကျောက်ထီးတန္တုကမ္ဘာ့သာသနာပြု ဆရာတော်ဘုရားကြီး၊ သက်တော် (၇၆) နှစ်၊ သိက္ခာတော် (၅၂) ဝါ၏ အန္တိမသာဓုကီဠနသဘင် စံကျောင်းတော်ပင့်အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ ဆရာတော်အရှင်သူမြတ်များက အနိစ္စာဝတသင်္ခါရာအစရှိသောဂါထာကို သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဒုတိယသာသနာပိုင် လယ်တီကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပညဝန္တထံမှ ငါးသီလခံယူဆောက်တည်၍ ဧရာဝတီဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှူဖွယ်သင်္ကန်းနှင့် နဝကမ္မများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဘဝနတ်ထံစံလွန်တော်မူသော ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို အုတ်ဖိုချောင် ကျောင်းဆရာတော် ဘဒ္ဒန္တကဝိသာရက ဖတ်ကြားပူဇော်ခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကို ချီးကျူးထားသော ဂုဏထောမနာဂါထာတော်ကို ဇလွန်မြို့၊ ဝိသုဒ္ဓါရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂါသေနက ဖတ်ကြားပူဇော်ကာ ဟင်္သာတမြို့၊ ကျောက်တော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရက သံဝေဂဂါထာကိုဖတ်ကြား၍ သံဝေဂပွားတော်မူခဲ့ကြသည်။
ထို့နောက် ဟင်္သာတမြို့၊ ရေတံခွန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏိတက အစ္စယဒေသနာ ကန်တော့တောင်းပန်လွှာကိုရွတ်ဆိုကာ ရန်ကုန်မြို့၊ မြတ်ပန်းတိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏဝီရက ပစ္ဆိမဝန္ဒနာဂါထာဖြင့် ဖတ်ကြားရှိခိုးခဲ့သည်။
ယင်းနောက် ဟင်္သာတမြို့၊ မဟိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသမ္ပုဏ္ဏက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်မြတ်အား ကရဝိတ်ဖောင်တော်ပေါ်သို့ ပင့်ဆောင်အပ်သော ထေရနိမန္တနဂါထာကိုရွတ်ဖတ်၍ ပင့်လျှောက်ပြီး နဝဓုတင်္ဂါစာရမထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အားပင့်ဆောင်၍ ကျောင်းတိုက်အတွင်း လက်ယာရစ် ၃ ပတ် လှည့်လည်အပူဇော်ခံယူခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်မြတ် သီတင်းသုံးအပူဇော်ခံယူတော်မူမည့် စံကျောင်းတော် ဓာတ်တော်တိုက်ပလ္လင်တော်နေရာအား သွား ရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆရာတော် ဘုရားကြီးသည် ဓုတင် (၁၃) ပါးတွင် ဓုတင်(၉)ပါးကျင့်ကြံအားထုတ်ခဲ့ပြီး သက်တော်(၇၆)နှစ်၊ ဝါတော် (၅၂) ဝါတွင် ထိုင်လျက်သီတင်းသုံးသည့် အနေအထားဖြင့်ပင် ပြာသိုလပြည့်နေ့၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)