လိပ်သို ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦးရေးသားသော “မိုးနှောင်းဆောင်းဦးအဖျားကြူးလျှင်နှင့် အခြား ကျန်းမာရေးဆောင်းပါးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယခုလို စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ကြောင်း၊ လူသားတို့၏ဘဝ တန်ဖိုးမြင့်မားရေးအတွက် အသိ၊ အလိမ္မာ၊ ပညာရပ်များကို စာအုပ်စာပေများတွင် လေ့လာမှတ်သားနိုင်ပြီး စာပေဖတ်ရှုခြင်းဖြင့် လူသားတို့အတွက် ကောင်းကျိုး များစွာကို ရရှိနိုင်ကြောင်း၊ စာပေသည် လူသားတို့အတွက် ထာဝရအဖော် မိတ်ဆွေကောင်းဟုဆိုလျှင် မမှားနိုင်သဖြင့် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောတေဇာအောင်က “အနဝဇ္ဇ အပြစ်ကင်းသော အစားအစာ” ခေါင်းစဉ်အောက်မှ “လူတို့ နေ့စဉ်စားသုံးနေသည့် အစားအစာများသည် သန့်ရှင်းစင်ကြယ်လတ်ဆတ်ဖို့ အထူးလိုအပ်ကြောင်း၊ လူ့ဘဝနေရသည့် ကာလတစ်လျှောက်မှာ အနာရောဂါကင်းစွာ အသက်ရှည်နေနိုင်ရေးမှာ မိမိခန္ဓာကိုယ်နှင့်ကိုက်ညီပြီး အစာကြေအားကောင်းစေကာ အာဟာရဓာတ်ပြည့်ဝသော အစားအစာများကို မိမိဉာဏ်ဖြင့် ချိန်ဆစားသောက်ကြဖို့ လိုအပ်ကြောင်း” စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာဆင်ဖြူကျွန်း ကျော်လှိုင်ဦး ရေးသားသော“မိုးနှောင်းဆောင်းဦး အဖျားကြူးလျှင်နှင့် အခြားကျန်းမာရေးဆောင်းပါးများ”စာအုပ်အား ဖတ်ရှုခြင်းဖြင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကို သင့်တင့်မျှတအောင် နေထိုင်စားသုံးတတ်မှသာလျှင် ကျန်းမာခြင်းနှင့်ပြည့်စုံသောဘဝကိုရရှိ ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်