ကန်ကြီးထောင့် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၅)နှစ်အောက်ရှိပြီး ကာကွယ်ဆေးလုံးဝ(သို့မဟုတ်) အကြိမ်ပြည့်မရသော ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲအား ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာလွင်က အသက်(၅)နှစ်အောက်ရှိပြီး ကာကွယ်ဆေးလုံးဝ(သို့မဟုတ်) အကြိမ်ပြည့်မရသော ကလေးငယ်များအား တစ်ယောက်မကျန် ကာကွယ်ဆေးအကြိမ်ပြည့် ရရှိရန်ရည်ရွယ်ပြီး ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ စုစုပေါင်းလူဦးရေ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား (၂၀)ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)