လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်

လိပ်သို ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များကို Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်ကြောင်း သိရသည်။

Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းအစီအစဉ်ကို လိပ်သို တိုက်နယ်ကျန်းမာရေးဌာန၌ ဇန်နဝါရီလ(၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ ထိုးနှံ/တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်