ပွင့်ဖြူ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ကုန်းဇောင်းကျေးရွာသို့ သွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့်အတူ ကုန်းဇောင်းကျေးရွာသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာတွင်း လမ်းမီးတိုင်များတွင် သဘာဝဘေးဒဏ်ကြောင့် မီးမလင်းတော့သည့် လျှပ်စစ်မီးသီးများကို စနစ်တကျ ဖြုတ်သိမ်းကာ LED 50 W မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျော့ကျနေသော ဓာတ်အားလိုင်းကြိုးများအား ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြနှင့် ကျေးလက်ဒေသတစ်ခွင် စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးအတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လိုက်လံကောက်ယူရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ညပိုင်း အဆင်ပြေစွာသွားလာစေနိုင်ရန် လျှပ်စစ်မီးလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်မီးသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)