ကျွန်းစု ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်က မြို့မအားကစားဘောလုံးကွင်း၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က ကျွန်းစုကျောင်းမှ Grade – 2 ကလေးငယ်များက “မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်” သီချင်းဖြင့်လည်းကောင်း၊ ကျောင်းသူလေးများက “လှလိုက်တဲ့တနင်္သာရီ ”သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်အား စုပေါင်းညီညာစွာ ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲကို စတင်ခဲ့ရာ အဖွင့်ပွဲစဉ်အဖြစ် အ.ထ.က ကျွန်းစု ကျောင်းအသင်းနှင့် အ.လ.က (ခွဲ) တီးပူကျောင်း အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၃ဂိုး ဂိုးမရှိဖြင့် အ.ထ.က ကျွန်းစု ကျောင်းအသင်းက အနိုင်ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများအသီးသီးက အမျိုးသား (၁၀)သင်း၊ အမျိုးသမီး (၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)