ဒေးဒရဲမြို့နယ်၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးရှင်းလင်းပွဲ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံတော်၏ အရေးကြီးသည့် လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်ရည်ရွယ်၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးရှင်းလင်းပွဲတွင် မြို့နယ်ပညာရေးမှူးဆရာကြီး ဦးလှစိုးက ကျောင်းသားလူငယ်များဟာ နိုင်ငံတော်အတွက် အရေးပါသည့် လူ့စွမ်းအားများဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံနိုင်သူများဖြစ်ရန် ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အမူအကျင့်များ စွဲမြဲကျင့်သုံးနိုင်စေရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ ကြီးထွားဖွံဖြိုး ကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများတွင် ၎င်းတို့၏ မိသားစုအပါအဝင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ပေးနိုင်ရေးအတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ ကျန်းမာရေးပြည့်စုံကောင်းမွန်သည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်သွားကြရန်  မှာကြားဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက (၂၀၂၅) ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံးအာဟာရလိုအပ်ချက်များပြည့်မီအောင် ကျွေးမွေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၏ သိရှိလိုသည့် မေးမြန်းချက်များနှင့် အကြံပြုချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို (၂၀၂)ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီအတွင်း  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်း (၂၁၇) ကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ (၃၆၃၈) ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် မိဘဆရာအသင်းများကပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစေရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)