ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာပေ ချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော လူငယ်လမ်းညွှန် စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် မောင်အောင်နိုင်ထွန်းက စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော လူငယ်လမ်းညွှန်စာအုပ်မှ ထိရောက်သော စာပေလေ့လာနည်း  ဆောင်းပါးပါ နေ့စဉ် ပုံမှန်ကျက်မှတ်သည်ဖြစ်စေ၊ စာမေးပွဲအတွက်ရည်စူး၍ အထူးကျက်မှတ်သည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးကောင်းမွန်ဖို့ လိုအပ်ကြောင်း၊ ကိုယ်စိတ်ကျန်းမာသူ တစ်ဦးသည်သာ ကြာရှည်စွာထိုင်၍ စာပေကို အာရုံစူးစိုက်ပြီးလေ့လာနိုင်မည်ဖြစ်ကြောင်း၊ လူငယ်တို့အဖို့ အရေးကြီးဆုံးမှာ ပညာရေးပင် ဖြစ်ကြောင်းနှင့် မောင်ကျော်ထွန်းဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေးဆိုင်ရာ သိကောင်းစရာများကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။၊

ငဖဲမြို့နယ်ရုံးအနေဖြင့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် စာဖတ်သူ၊ စာငှားသူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)