မြဝတီ ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့မွှန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းဝင်း၌ ကျင်းပသည်။
ဦးစွာ ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ Grade-9 မှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာပန်းခင်း” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူ့ဘောင်အဖွဲ့အစည်း အခြေခံအုတ်မြစ်ခိုင်မာတည်မြဲရေးအတွက် ပညာရေးကဏ္ဍ မြှင့်တင်ပေးရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာနည်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့၌ ကာယ၊ ဉာဏပိုင်းတွင် ထူးချွန်သောကျောင်းသား၊ ကျောင်းသူများအား မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်မျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများ ချီးမြှင့်ပေးပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)