ကျွန်းစုမြို့၌ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ မူလတန်းအထက်ဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် ကျောင်းစာများနှင့် အသိပညာ ဗဟုသုတများ၊ စဉ်းစားတီထွင်ခြင်းများအပြင်၊ ကိုယ်ပိုင်အတွေးဖြင့် စာစီစာကုံးများ ရေးသားနိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဝင်ရောက်ဖြေဆိုသူ Grade – 5 မှ ၁၂ ဦး၊ Grade – 4 မှ ၇ ဦး စုစုပေါင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ရုပ်ပုံကားချပ်ကို နားလည်မှုဖြင့် အကွက်ပြည့်စုံစွာ ရေးသားစီကုံးနိုင်ခြင်း၊ ကိုယ်ပိုင်အတွေ့အကြုံ အတွေးအရေး အသုံးအနှုန်းတို့ဖြင့် သတ်ပုံ၊ လက်ရေးလက်သား သေသပ်စွာ ကြိုးစားရေးသားနိုင်မှုများကို  မြို့နယ်အကဲဖြတ်ဒိုင်အဖွဲ့များက စိစစ်၍ ဇန်နဝါရီလ ၂၃ ရက်နေ့၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုရရှိ‌သော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်သွားမည်ဖြစ်ပြီး ဆုရကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံးများကို ပညာတန်ဆောင်စာစဉ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထက်မြင့်(ကျွန်းစု)