ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးမည်

ကျွန်းစု ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးရန်အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကမ်းကြီးကျေးရွာရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၁၀) ရေတပ်ဆိပ်ခံတံတားသို့ ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ဖြင့် ရောက်ရှိခဲ့သည်။

တပ်မတော်နယ်လှည့်ဆေးကုသ‌ရေးအဖွဲ့တွင် အုပ်ချုပ်သူ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းသိန်းနှင့် စစ်ရေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးနေလင်း ဦးဆောင်သော အရာရှိစစ်သည် (၃၃) ဦး၊ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ခွန်ဇော် ဦးဆောင်သော ပါရဂူများ၊ ခွဲစိတ်ကုဆရာဝန်များ၊ သူနာပြုများ ပါဝင်သည့် အရာရှိစစ်သည် (၃၇) ဦး၊ တပ်မတော်မြဝတီ ရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ ဗိုလ်ကြီးဒေါ်သဉ္ဇာလင်း ဦးဆောင်သော အဖွဲ့ဝင် (၆) ဦး၊ စုစုပေါင်း အရာရှိစစ်သည် (၉၅) ဦးတို့ လိုက်ပါခဲ့ကြရာ တနင်္သာရီ‌ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နိုင်နှင့်အရာရှိများ၊ စစ်သည်မိသားစုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ ၂၀ ရက်နေ့ မှ ၂၂ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ကျွန်းရတနာခန်းမ၌ ခွဲစိတ်ရောဂါ၊ သွားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ဆေးကုသမှုဆိုင်ရာရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါနှင့် ဆေးရုံသင်္ဘော(သံလွင်)၌ အထွေထွေခွဲစိတ်၊ Ultrasound၊ ဓါတ်မှန်ရိုက်၊ ECG၊ မျက်စိခွဲစိတ်၊ အရိုးခွဲစိတ်၊ သားဖွားမီးယပ်ခွဲစိတ်၊ CT Scan ရိုက်တို့အား အထူးကုပါရဂူ၊ ခွဲစိတ်ဆရာဝန်များဖြင့် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)