မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ

မင်းဘူး ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နံပတ်(၁)ကိုယ်ပိုင်အထက်တန်းကျောင်း(စကု)မှ ဦးဆောင်ကျင်းပသည့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ စကုမြို့ နံပတ်(၁)ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာကြီး ဦးအောင်ပြည့်ဖြိုးက ကျောင်းစတင်တည်ထောင် ဖွင့်လှစ်ခဲ့သည့်နှစ်မှစ၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်ကျောင်းသားလူငယ်များအား နှစ်စဉ်ပြုစုပျိုးထောင် မွေးထုတ် ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး စကုမြို့ နံပတ်(၁)ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”“ဗုဒ္ဓပူဇနိယ”“မင်္ဂလာပါ”“ဖန်ခါးမြေမှဖိတ်ခေါ်သံ”၊ “စကားဝါမြေ”“အများအတွက် ကြက်ခြေနီ”“ကင်းထောက်ဂုဏ်ရည်”"တောင်ယာဝင်ချိန်”“ထာဝရသစ္စာ”၊ “အလှကမ္ဘာမြေ” စသည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပညာရေးစုံညီပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

ထို့နောက်မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နှင့်တာဝန်ရှိသူများက အဆိုပါကျောင်းမှ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်မယ်များ၊ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများနှင့် ဘက်စုံဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိခဲ့သူများ၊ ကြက်ခြေနီ (အခြေခံ)သင်တန်းတွင် ထူးချွန်သင်တန်းသားများ၊ ပထမအကြိမ် တိုင်းဒေသကြီးအဆင့် ကင်းထောက်လူငယ်များ တွေ့ဆုံပွဲတွင် ထူးချွန်ဆုရရှိခဲ့သူများ၊ ကျောင်းဘင်ခရာသင်တန်း ထူးချွန် သင်တန်းသားများ၊ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် Grade(10-11-12) အတန်းများအလိုက် စာပေထူးချွန်ဆု ရရှိသူများနှင့် ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပြသပေးခဲ့သော သင်ကြားရေးထူးချွန်ဆုရ ဆရာ၊ ဆရာမများ အားလုံးကို ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

စကုမြို့ နံပတ်(၁)ကိုယ်ပိုင်အထက်တန်းကျောင်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်ပြီး ဖွင့်လှစ်ခဲ့ရာ ယခုအခါ ကျောင်းဖွင့်လှစ်ခဲ့သည့် (၄)နှစ်တာကာလအတွင်း ဆေးတက္ကသိုလ် ကျောင်းသား(၈)ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား (၃)ဦးတို့အပြင် နည်းပညာတက္ကသိုလ်နှင့် အခြားသက်မွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများစွာကို မွေးထုတ်ပေးနိုင် ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးတစ်ဦး၊ (၅)ဘာသာနှစ်ဦး၊ (၄)ဘာသာတစ်ဦး၊ (၃)ဘာသာ တစ်ဦး၊ (၂)ဘာသာ သုံးဦးနှင့် တစ်ဘာသာ (၁၀)ဦး စုစုပေါင်း ဂုဏ်ထူးရှင် (၁၈)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အောင်ချက်အနေဖြင့် စုစုပေါင်းဖြေဆိုသူ ၁၀၄ ဦး၊ အောင်မြင်သူ ၈၃ ဦး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ထို့အပြင် ယခုနှစ် တိုင်းဒေသကြီးအဆင့် ဖွံ့ဖြိုးရေးဆုပေါင်း (၁၂)ဆုနှင့် မြို့နယ်အဆင့် (၂၃)ဆုကို ရရှိခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား၊ စာရိတ္တနှင့် စည်းကမ်းကောင်းမွန်းအောင်ဆောင်ရွက်၍ ပညာသင်နှစ်အလိုက် ဘက်စုံထူးချွန် ထက်မြတ်အောင် လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)