မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော အခမ်းအနားမှူးသင်တန်းကို ယမန်နေ့က သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
အခမ်းအနားမှူးတစ်ယောက်သည် အခမ်းအနားတစ်ခု အောင်မြင်ချောမောစွာ ကျင်းပနိုင်ရန် အဓိကအရေးပါဦးဆောင်သူ တစ်ယောက်ဖြစ်ပြီး အခမ်းအနားမှူး တစ်ယောက်အဖြစ် ဆောင်ရွက်မည့်သူသည် မိမိတာဝန်ယူရသည့် အခမ်းအနား၊ အစည်းအဝေးစသည်တို့ကို ချောမွေ့အဆင်ပြေစွာ ပြောဆိုတာဝန်ယူနိုင်ရန်အတွက် သတိပြုသင့်၊ ဆင်ခြင်သင့်သည်များ၊ ရှိသင့်သည့်အရည်အချင်းများ၊ သိသင့်သိထိုက်သည့် အချက်များ၊ အသုံးအနှုန်း ဝေါဟာရ၊ အသံလေယူလေသိမ်း၊ အဖြတ်အတောက်များကို သိရှိနိုင်စေရန် မျှဝေပေးလိုသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒေါ်နန်းနန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းထူးချွန်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့်စိတ်ပါဝင်စားသူ သင်တန်းသူ(၅၀) တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူး လက်စွဲပါသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကာ ဇန်နဝါရီ (၁၅)ရက်မှ (၁၇)ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)