သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်

သာယာဝတီ ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ စျေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ သာယာဝတီမြို့၊ မြို့မစျေးကြီးနှင့် သုံးဆယ် မြို့မဈေးတို့၌ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးသတ်ဦးစီးဌာနမှူး ဦးခင်မောင်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်ဦးနှင့် တာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားရာ၌ ကနဦးဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် မီးလောင်မှု ဖြစ်ပွားပြီး ရှာဖွေကယ်ဆယ်ခြင်းကဏ္ဍတို့ကို‌ ဈေးသူဈေးသားများ၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တို့ဖြင့် သရုပ်ပြသ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)