သရက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်  ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သရက်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူးရဲမှူးစန်းဦးက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ၊ မှုခင်းဆိုင်ရာများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် သတိပြုရမည့် ရှောင်ရန်၊ ဆောင်ရန်များကိုဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရနိုင်သူများ၊ ဖြစ်ပွားသည့် လူကုန်ကူးမှု အမျိုးအစားများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သည့် လူကုန်ကူးမှုပုံစံများအကြောင်းတို့ကို ဟောပြောခဲ့သည်။

ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)