ပခုက္ကူ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ဈေးများအတွင်း ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများပူးပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာ ဈေးကြီး အပါအဝင်၊ ယာယီပျံကျဈေးများ နှင့်ရပ်ကွက်အတွင်းအရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာခဲ အမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့် ကုန်စည်အမျိုးအစား(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ၊မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါရှိမှုရှိ၊မရှိအခြေအနေ တို့ကိုကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိဆိုင်ပိုင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)